Pages

Pages - Menu

Monday, June 18, 2012

စက်ရုံအလုပ် သမားများ၏ အနိမ့်ဆုံး ယာယီလ စာကို ကျပ် ၅၆၇၀၀ သတ်မှတ်


စက်ရုံအလုပ် သမားများ၏ အနိမ့်ဆုံး ယာယီလ စာကို ကျပ် ၅၆၇၀၀ သတ်မှတ်


လုပ်ငန်းရှင်များအား အလုပ်သမား ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယာယီ အခြေခံလစာ ဆိုင်ရာ ရှင်းလင်းနေစဉ် - ဓါတ်ပုံ- Eleven Media Group
အလုပ်သမား ၀န်ကြီးဌာနမှ စက်မှုဇုန်များရှိ စက်ရုံအလုပ်သမားများ ၏ အနိမ့်ဆုံးယာယီလစာအား ကျပ် ၅၆၇၀၀ သတ်မှတ်လိုက်ကြောင်း၊ အမြန်ဆုံး ဆောင်ရွက်နိုင်ရန် လုပ်ငန်းရှင်များဘက်မှ အကောင်ထည်ဖော် ပေးရန် ၀န်ကြီးဌာနမှ မေတ္တာရပ်ခံခဲ့ သတင်းရရှိသည်။
အဆိုပါ အနိမ့်ဆုံးယာယီလစာ သတ်မှတ်ခြင်း အခမ်းအနားကို လှိုင်သာယာစက်မှုဇုန် ကနောင်မင်းသား ကြီးခန်းမတွင် ဇွန်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့ကာ အလုပ်သမားရေးရာ ၀န်ကြီးဌာနမှ အနိမ့်ဆုံးယာယီလစာ အား(OT ကြေးမပါ) ကျပ် ၅၆၇၀၀ သတ်မှတ်လိုက်ကြောင်း၊ တရားဝင် အလုပ်သမားများမှာ ရှားပါးစရိတ်၊ Day ကြေး၊ ထုတ်လုပ်မှုစရိတ် အပိုကြေးစသည်တို့အား ထပ်မံခံစားခွင့်များ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယာယီ အခြေခံလစာ သတ်မှတ်ရန်အတွက် ဇွန်လ ၅ ရက်နေ့တွင် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ရာစက်မှု ဇုန်များရှိ စက်ရုံများအား ကဏ္ဍ အလိုက် ခွဲခြားကာ ယာယီ အခြေခံ လစာကို သတ်မှတ်ပေးသွားမည်ဟု ဆိုသော်လည်း ယခုအခါစက်မှုဇုန်များရှိ စက်ရုံများအား အနိမ့်ဆုံးယာယီအခြေခံလစာကို တစ်ပြေးညီသတ်မှတ်၍ စက်ရုံ လုပ်ငန်းရှင်များလည်း ပါဝင် ဆောင်ရွက်ရန် မေတ္တာရပ်ခံခဲ့သည်။
ဝန်ကြီးဌာနတာဝန်ရှိသူ တစ်ဦးက “ကျွန်တော်တို့အနေနဲ့ အနည်းဆုံး အနိမ့်ဆုံးယာယီ အခြေခံလစာ ကို ဌာနပေါင်း ၃၈ ခုနဲ့ ညှိနှိုင်းပြီး သတ်မှတ်လိုက်ပါတယ်။ အမြန်ဆုံး အကောင်ထည်ဖော်နိုင်ဖို့ အတွက် စက်ရုံလုပ်ငန်းရှင်တွေက အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ လုပ်ငန်းရှင်တွေကို ၀န်ကြီးဌာနက သတ်မှတ်လိုက်တဲ့အတိုင်း ပြုလုပ် ဆောင်ရွက်ပေးသွားစေချင် ပါတယ်။  အတင်းအကျပ် တိုက်တွန်းတာမဟုတ် ဘဲ မေတ္တာရပ်ခံခြင်း ဖြစ်ပါတယ်”ဟု Eleven Media Group
ကို ပြောကြားခဲ့သည်။
အနည်းဆုံး ယာယီလစာသတ်မှတ်ရန်အတွက် စက်ရုံလုပ်ငန်းရှင် များနှင့် ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် စက်ရုံ ၂၀ ကျော်ခန့် အဆင်ပြေမှုများ ရရှိခဲ့ကြောင်း၊ ယခင်က ဆန္ဒထုတ် ဖော်မှုများ မပြုလုပ်ခင်က စက်ရုံဝန်ထမ်း တစ်ဦး၏ အခြေခံလစာမှာ ကျပ် ၈၀၀၀ မှ ကျပ် ၃၀၀၀၀ ထိသာ ဖြစ်ကြောင်း သိရှိရသည်။
ဇူလိုင်လ ၄ ရက်နေ့တွင်စတုတ္ထ အကြိမ်မြောက်ကျင်းပမည့် လွှတ်တော်တွင် အနည်းဆုံးအခကြေးငွေ ဥပဒေကို တင်ပြသွားရန် ရေးဆွဲပြီးနေကြောင်း၊ နိုင်ငံတကာစံနှုန်းနှင့်အညီ အနိမ့်ဆုံး အခကြေးငွေကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဇွန်လ ၃ ရက်နေ့ တွင် CMP  လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိန်ခေါ်မှုစုပေါင်း ဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ပြောကြားခဲ့ Eleven Media Group အင်တာနက်စာမျက်နှာမှာဖော်ပြထားပါသည်။
Eleven Media Group



No comments:

Post a Comment