Pages

Thursday, January 2, 2014

ပြည့်တန်ဆာနှစ်ယောက်ကို သတ်ပြီး သူတို့ ရဲ့ ရုပ်အလောင်းတွေနဲ့ လိင်ဆက်ဆံခဲ့တဲ့အတွက် တရုတ်ကျောင်းသား တစ်ယောက်ကို သေဒဏ်ပေး

Photo: ပြည့်တန်ဆာနှစ်ယောက်ကို သတ်ပြီး သူတို့ ရဲ့ ရုပ်အလောင်းတွေနဲ့ လိင်ဆက်ဆံခဲ့တဲ့အတွက် တရုတ်ကျောင်းသား တစ်ယောက်ကို သေဒဏ်ပေး
Thursday, January 02, 2014

အသက် ၂၃ နှစ်အရွယ်  လီ လို့ ခေါ်တဲ့ ဒီဇိုင်းဘာသာရပ်သင်ယူနေတဲ့  တရုတ်ကျောင်းသားတစ်ယောက်ဟာ ပြည့်တန်ဆာနှစ်ယောက်ကို ကြိုးပေးသတ်ပြီး သူတို့ ရဲ့ အလောင်း တွေနဲ့ လိင်ဆက်ဆံခဲ့တယ် ဆိုတာ အပြစ် ထင်ရှားတဲ့အတွက် အဲဒီ့ကျောင်းသားကို သေဒဏ်ချမှတ်လိုက်ပါတယ်။

ဒါဟာ ဒီတုန်လှုပ်ရွံရှာဖွယ်ရာ အဖြစ်အပျက်ရဲ့ ဇာတ်သိမ်းမဟုတ်သေးပါဘူး။ လီဟာ အဲဒီ့ပြည့်တန်ဆာ နှစ်ယောက်ရဲ့ အလောင်းတွေကို တစ်စီပိုင်းပြီး  သူ့ ရဲ့ ပန်းခြံထဲမှာ မြှပ်နှံခဲ့ပါသေးတယ်။

ချန်ချူးပြည်နယ် တက္ကသိုလ်မှာ ဒီဇိုင်းပညာရပ်တက်ရောက်နေတဲ့ လီက ရဲတွေကို ထွက်ဆိုခဲ့ရာမှာ သူဟာ အတန်းချိန်တွေကို ပျက်ကွက်နေခဲ့ပြီး စာထဲစိတ်မ၀င်စားတဲ့အတွက် သူ့ စိတ်ကို ဖြေလျော့မယ့် နည်းလမ်းကို လိုအပ်နေလို့ အခုလို လုပ်ခဲ့တာပါတဲ့။ သူဟာ ဒီအဖြစ်အပျက်မဖြစ်ခင်ကတည်းက  ရုပ်အလောင်း တွေ နဲ့  ကာမဆက်ဆံရတာ နှစ်သက်တဲ့ ရောဂါတစ်မျိုးရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။

လီဟာ ပထမဦးဆုံး အင်တာနက်ကနေ အသက် ၂၀ အရွယ် ပြည့်တန်ဆာတစ်ယောက်ကို ဌားရမ်းခဲ့ပါတယ်။ နောက် သူမကိုသတ်ပြီး အလောင်းကို ချန်ပင်းမြို့ က သူ့ အိမ်မှာ ဖွက်ထားခဲ့ပြီး သူမရဲ့ ရုပ်အလောင်းနဲ့ ကာမ ဆက်ဆံခဲ့ပါတယ်။ အဲဒီ့လအတွင်းမှာပဲ သူဟာ နောက်ထပ် ပြည့်တန်ဆာတစ်ယောက်ကို ထပ်ဌားရမ်းခဲ့ပြီး ပုံစံ တူပြုလုပ်ခဲ့တယ် လို့ ဆိုပါတယ်။ နောက် သူဟာ အလောင်းတွေကို တစ်စစီပိုင်းဖြတ်ပြီး သူ့ ရဲ့ ပန်းခြံထဲမှာ မြှပ်နှံထားခဲ့တာပါ။

ရဲတွေရဲ့ ခြေရာခံလိုက်မှုကနေ လီ ကိုဖမ်းမိခဲ့တာဖြစ်ပြီး ဒီဆိုးရွားတဲ့အပြစ်တွေအတွက် သေဒဏ် ချမှတ်ခဲ့တဲ့ အပြင် သူ့ သားကောင်ဖြစ်ခဲ့ရရှာတဲ့ ပြည့်တန်ဆာမိန်းကလေးနှစ်ယောက်ရဲ့ မိသားစုတွေကိုလည်း လျော်ကြေးငွေ ယွမ် ရှစ်သောင်း ( ပေါင် ၈၀၀၀ ) ပေးဆောင်ဖို့ အမိန့် ချမှတ်ခဲ့ပါတယ်။

Trend Myanmar

RangonNewsDaily:: January . 2 .2014
အသက် ၂၃ နှစ်အရွယ် လီ လို့ ခေါ်တဲ့ ဒီဇိုင်းဘာသာရပ်သင်ယူနေတဲ့တရုတ်ကျောင်းသားတစ်ယောက်ဟာ
ပြည့်တန်ဆာနှစ်ယောက်ကို ကြိုးပေးသတ်ပြီး သူတို့ ရဲ့ အလောင်း တွေနဲ့ လိင်ဆက်ဆံခဲ့တယ် ဆိုတာ အပြစ် ထင်ရှားတဲ့အတွက် အဲဒီ့ကျောင်းသားကို သေဒဏ်ချမှတ်လိုက်ပါတယ်။

ဆယ်ကျော်သက် မိန်းကလေးကို မုဒိမ်းကျင့်သူအား ကျောက်တုံးဖြင့်ပေါက်သတ်

Photo: ဆယ်ကျော်သက် မိန်းကလေးကို မုဒိမ်းကျင့်သူအား ကျောက်တုံးဖြင့်ပေါက်သတ်
Thursday, January 02, 2014

အသက်(၃၂)နှစ်ရှိ သံသယ တရားခံကို လူအုပ်ကြီးက ဝိုင်းဝန်းစီရင်ပြီးနောက် အလောင်းကို လမ်းပေါ်တွင် ပစ်ထားခဲ့သည်။
တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့တွင် ဆယ်ကျော်သက် မိန်းကလေးများအား ဓားထောက် မုဒိမ်းကျင့်ခဲ့သူ တစ်ဦးကို လူအများက ခဲဖြင့်ပေါက်ကာ သတ်ဖ်ြခဲ့ကြောင်း သိရှိရသည်။ ယခုသီတင်းပတ် အစောပိုင်းက ဒေါသထွက်နေသော လူအုပ်ကြီးသည် စေတနာ့ဝန်ထမ်း ကင်းအဖွဲ့များ၏ အကူအညီဖြင့် သံသယတရားခံကို ဖမ်းဆီးရမိကာ တရွတ်တိုက် ဆွဲယူလာကြသည်။ ထို့နောက်တွင်မူ ၎င်းကို ကျာပွတ်များဖြင့် ဝိုင်းရိုက်ခဲ့သလို ကျောက်တုံးများဖြင့် သေသည်အထိ ဝိုင်း၍ ပစ်ပေါက်ကာ သတ်ဖြတ်လိုက်ကြသည်။ သေဆုံးသူသည် အသက်(၁၅)နှစ်အရွယ် မိန်းကလေးနှစ်ဦးကို မုဒိမ်းကျင့်သူ နှစ်ဦးအနက်မှ တစ်ဦးအဖြစ် သတင်းများက ဖော်ပြခဲ့သည်။ အသက်(၃၂)နှစ်ရှိ သံသယ တရားခံကို လူအုပ်ကြီးက ဝိုင်းဝန်းစီရင်ပြီးနောက် အလောင်းကို လမ်းပေါ်တွင် ပစ်ထားခဲ့သည်။

အလောင်းသည် လမ်းပေါ်တွင် (၅)နာရီလုံးလုံး ကြာနေပြီးမှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ရောက်ရှိလာပြီး သယ်ယူသွားခဲ့ရသည်။ ထိုသူသည် ဓားထောက်ခြိမ်းခြောက်မှုများဖြင့် မိုဘိုင်းလ်ဖုန်းများကို လုယူလေ့ရှိသည့် သတင်းဆိုးမျိုးလည်း ထွက်နေကြောင်း အနီးအနားတွင် နေထိုင်သူများက ဆိုသည်။ "သူသေသွားလို့ ဝမ်းနည်းတဲ့သူ မရှိဘူး။ ဒီလိုကိစ္စမျိုးကို တုံ့ပြန်မှု မရှိဘူးဆိုရင် နောက်တစ်ခါ ပိုဆိုးလာဖို့ပဲ ရှိတယ်"ဟု အနီးအနားမှ ဒေသခံ တစ်ဦးက အမည်မဖော်ပြဘဲ မှတ်ချက်စကား ပြောကြားခဲ့သည်။ ထိုသူနှင့် အဖော်တစ်ဦးသည် အသက်(၁၅)နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် သူမ၏ သူငယ်ချင်းတို့နှင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က တွေ့ဆုံပြီး စကားများခဲ့ကြသည်။ ယင်းတို့နှစ်ဦးသည် မိန်းကလေးများကို အနီးရှိ တင်းကုပ်တစ်ခုထဲ ဓားထောက် ခေါ်သွင်းပြီး မုဒိမ်းကျင့်ခဲ့ကြောင်းလည်း သိရသည်။ အလောင်းကို လူအများက စွန့်ပစ်ထားသည့် နေရာသည် အသက်(၁၅)နှစ်အရွယ် မိန်းကလေး၏ အိမ်အနီးတွင် ဖြစ်သည်။

"ကျွန်မတူမ ပြောပြတဲ့ လူနှစ်ယောက်ကို ကျွန်မတို့သိတယ်။ သူတို့က ဓားထောက်ပြီး တင်းကုပ်ထဲ ဆွဲခေါ်သွားတဲ့အကြောင်း ကျွန်မတူမက ပြောပြပါတယ်"ဟု မိန်းကလေး၏ အဒေါ်ဖြစ်သူက ဆိုသည်။ နောက်တစ်နေ့တွင်မူ လူအုပ်ကြီးတစ်ခုက မုဒိမ်းသမားဟု စွပ်စွဲခံရသူအား ဝိုင်းဝန်းဖမ်းဆီးကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ကျန်တစ်ဦးမှာမူ လွတ်မြောက်နေဆဲဟု ယူဆရသည်။ ရဲတပ်ဖွဲ့သည် အသက်(၁၅)နှစ်အရွယ် မိန်းကလေးနှင့် မိသားစုကို နေရာရွှေ့ပြောင်းပေးထားပြီး သူမတို့အနေဖြင့် ဂိုဏ်းဖွဲ့ထားသည့် မုဒိမ်းသမား အချို့ထံမှ ခြိမ်းခြောက်မှုများကို ကြုံနေရသည်ဟုလည်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။ 

Planet Myanmar Network

RangonNewsDaily:: January . 2 .2014
အသက်(၃၂)နှစ်ရှိ သံသယ တရားခံကို လူအုပ်ကြီးက ဝိုင်းဝန်းစီရင်ပြီးနောက် အလောင်းကို လမ်းပေါ်တွင် ပစ်ထားခဲ့သည်။

အခြေခံဥပဒေပြင်ဆင်ရေး သမ္မတ ဦးသိန်းစိန် ထုတ်ဖော်ပြောဆို

Photo: အခြေခံဥပဒေပြင်ဆင်ရေး သမ္မတ ဦးသိန်းစိန် ထုတ်ဖော်ပြောဆို
Thursday, January 02, 2014

လူ့အဖွဲ့အစည်းတရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များနဲ့ သဟဇာတဖြစ်အောင် အခြေအနေ အချိန်အခါအလိုက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရမှာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

အစိုးရပိုင် သတင်းမီဒီယာတွေမှာ ဒီကနေ့ ထုတ်လွှင့်ခဲ့တဲ့ သမ္မတလစဉ် ရေဒီယိုမိန့်ခွန်းမှာ အခုလို ထည့်သွင်း ပြောကြားလိုက်တာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သမ္မတရဲ့ သဘောထားကို လူသိ ရှင်ကြား ပြောကြားသင့်တယ်လို့ ဝေဖန်မှုတွေရှိလာချိန်မှာ ဦးသိန်းစိန်က ပထမဆုံးအကြိမ်အဖြစ် အခုလို ထုတ်ဖော် ပြောကြားလိုက်တာလည်းဖြစ်ပါတယ်။

" ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်ရဲ့ သဘောထား ရပ်တည်ချက်ကို ပြောကြားလိုပါတယ်၊ အသက်ဝင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ် ပိုင်ဆိုင်ဖို့ဆိုရင် လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များနဲ့ သဟဇာတဖြစ်အောင် အခြေအနေ အချိန်အခါလိုက် ပြင်ဆင်ရေးသားရမယ်ဆိုတဲ့ အခြေခံမူကို ကျွန်တော်အနေနဲ့ ဆုပ်ကိုင်ထားရမှာဖြစ်ပါတယ်"

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လူထုဆန္ဒသဘောထား ရယူပွဲတွေကျင်းပပြီး ပြင်ဆင်ရေး တောင်းဆိုနေတာကိုလည်း ဦးသိန်းစိန်က အမည်နဲ့တကွ အသိမှတ်ပြု ထည့်သွင်း ပြောကြားထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရာမှာ အဓိကထား ပြင်ရမယ့် အပိုင်း ၃ ပိုင်းကို ပြောကြားရာမှာ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် လိုအပ်သလို ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်ရမယ့် အပိုင်း၊ ဒီမိုကရေစီစံနှုန်းတွေ၊ တန်ဖိုးတွေနဲ့ ကိုက်ညီအောင် ပြင်ဆင်ရမယ့်အပိုင်းနဲ့ သမ္မတ အရည်အချင်းနဲ့ ပတ်သက်လို့ ပြင်ရမယ့်အပိုင်းတွေဖြစ်တယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။

" တတိယပိုင်းကတော့ နိုင်ငံရေး ဦးဆောင်မှုဆိုင်ရာ အရည်အချင်းသတ်မှတ်မှုအတွက် လိုအပ်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စရပ်ပင်ဖြစ်ပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကျွန်တော်ရဲ့ သဘောထားကတော့ မည်သည့်မြန်မာနိုင်ငံသား တိုင်းရင်းသားတစ်ဦးကိုမှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ်တားမြစ်တာမျိုးတွေ မဖြစ်စေလိုတဲ့ နိုင်ငံရေး စေတနာရှိသလို တစ်ဖက်ကလည်း မိမိတို့ အမျိုးသား အကျိုးစီးပွားနဲ့ မိမိတို့ နိုင်ငံရဲ့ အချုပ် အခြာအာဏာကို မထိပါးစေမယ့် သင့်တင့် လျှောက်ပတ်တဲ့ အကာအကွယ်ပေးနိုင်တဲ့ အခြေခံမူများရှိရန်လည်း လိုလားပါတယ်"

ဦးသိန်းစိန်က သမ္မတအရည်အချင်းနဲ့ ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေရှိနေရာမှာ နိုင်ငံရေး အကြပ် အတည်း တခုအထိ ရောက်ရှိမသွားအောင် နိုင်ငံရေးရွေးခြယ်မှုမှန်ဖို့လိုတယ်လို့လည်း သတိပေးထားပါတယ်။

အခြေခံဥပဒေပြင်ဆင်နိုင်ရေး ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့ ဦးသိန်းစိန်က အရိပ်အမြွက် ပြောကြားရာမှာ “မတူညီတဲ့ နိုင်ငံရေး အင်အားစုတွေရဲ့ ကွဲပြားတဲ့ လိုလားချက်တွေ၊ သဘောထား ရပ်တည်ချက်တေ သိမ်မွေ့စွာ ချင့်ချိန်ဖြည့်ဆည်းဆောင်ရွက်နေရတဲ့အတွက် အားမလို အားမရ ဖြစ်မှုတွေ ရှိလာတာကို သဘာဝကျတယ်လို့ နားလည်လက်ခံတဲ့အကြောင်း၊ ဒီအခြေအနေတွေ အားလုံးကို နိုင်ငံရေး အရှိတရားအနေနဲ့ အပြန်အလှန်နားလည်မှု ပေးဖို့ တိုက်တွန်းကြောင်း ပြောကြားထားပါတယ်။

RFA

RangonNewsDaily:: January . 2 .2014
လူ့အဖွဲ့အစည်းတရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များနဲ့ သဟဇာတဖြစ်အောင် အခြေ
အနေ အချိန်အခါအလိုက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရမှာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီက
နေ့ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

အကျဉ်းသားတွေကို ပြစ်ဒဏ်လျှော့ပေးဖို့ အစိုးရ ကြေညာ

Photo: အကျဉ်းသားတွေကို ပြစ်ဒဏ်လျှော့ပေးဖို့ အစိုးရ ကြေညာ
Thursday, January 02, 2014

၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းထောင် အသီးသီးမှာ ကျခံနေရတဲ့ အကျဉ်းသားတွေကို ပြစ်ဒဏ်လျှော့ပေါ့ ပေးသွားမှာဖြစ်တယ်လို့ အစိုးရက နိုင်ငံပိုင် မီဒီယာတွေကနေ ကြေညာလိုက်ပါတယ်။

နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၁/၂၀၁၄ ဖြစ်တဲ့ အဲဒီထုတ်ပြန်ချက်အရ ထောင်ဒဏ် နှစ် ၄၀ အောက် ကျခံနေရတဲ့ အကျဉ်းသားတွေ အနေနဲ့ သူတို့ ကျခံနေရတဲ့ ပြစ်ဒဏ်ရဲ့ ၄ ပုံ တပုံကိုသာ လျှော့ပေါ့ ခံစားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သေဒဏ်ချမှတ်ခံရသူတွေက ထောင်ဒဏ်နှစ် အကန့်သတ်မရှိ ကျခံရမှာ ဖြစ်သလို နှစ်အကန့်သတ်မရှိ ကျခံနေရသူတွေက ထောင်ဒဏ် နှစ် ၄၀ လျှော့ပေါ့ခံစားရမှာ ဖြစ်ပါတယ်။

RangonNewsDaily:: January . 2 .2014
၆၆ နှစ်မြောက်လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းထောင် အသီးသီးမှာ ကျခံနေရတဲ့ အကျဉ်းသား
တွေကို ပြစ်ဒဏ်လျှော့ပေါ့ ပေးသွားမှာဖြစ်တယ်လို့ အစိုးရက နိုင်ငံပိုင်မီဒီယာတွေကနေ ကြေညာလိုက်ပါ
တယ်။

ရန်ကုန်တိုင်း ဒေသကြီး၌ ဒီဇင်ဘာ ၃၁ ရက်၌ ယာဉ်တိုက်မှု ရှစ်မှုဖြစ်ပွားပြီး လူလေးဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိ

Photo: ရန်ကုန်တိုင်း ဒေသကြီး၌ ဒီဇင်ဘာ ၃၁ ရက်၌ ယာဉ်တိုက်မှု ရှစ်မှုဖြစ်ပွားပြီး လူလေးဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိ 
Thursday, January 2, 2014

ရန်ကုန်တိုင်း ဒေသကြီးအတွင်း နှစ်သစ်ကူးနေ့ဖြစ်သော ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၌ ယာဉ်တိုက်မှု ခုနစ်မှု ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များမှာ ဒဂုံမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒေါပုံ၊ တွံတေးမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များအနက် ဖြစ်စဉ်တစ်ခုမှာ ယင်းနေ့ည ၁၁ နာရီ ၄၀ ခန့်တွင် ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းအတိုင်း ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာသော DAIHATSU အဖြူရောင် အုတ်သဲကျောက်တင် ယာဉ်သည် မဟာဗန္ဓုလ တံတားအဆင်း ၄င်း၏ရှေ့မှ ယာဉ်တစ်စီးအား ရှောင်လိုက်စဉ် လမ်း၏ယာဘက်တွင် ရပ်တန့်ထားသော ပရိုဘောက် ခဲရောင်ယာဉ်အား တိုက်မိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လမ်းနံဘေး ပလက်ဖောင်းပေါ်ရှိ တယ်လီဖုန်းတိုင်နှင့် ကိုလှမင်းထွန်း၊ ကိုကျော်ကျော်နိုင်တို့အား ဆက်လက်တိုက်မိပြီး သစ်ပင်အား ၀င်တိုက်ပြီးနောက် ရပ်တန့်သွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွား ကြောင်းသိရသည်။

ယာဉ်တိုက်မှုကြောင့် ပုဇွန်တောင်မြို့နယ်နေ ကို.....မှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အတူ မှော်ဘီမြို့နယ်တွင်လည်း ယင်းနေ့ည ၇ နာရီခန့်တွင် ထပရ ၃၂၃၊ မင်္ဂလာဒုံမြို့နယ် တပ်သားကျော်စွာဦး မောင်းနှင်လာသော တပ်မတော်ပိုင် တီအီးယာဉ်မှ ရှေ့ယာဉ်အား ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောသို့ ရောက်သွားပြီး မျက်နှာချင်းဆိုင်မှ မောင်းလာသော ကို.....၏ ဆိုင်ကယ်အား တိုက်မိခဲ့မှုကြောင့် ဆိုင်ကယ်စီးနင်းသူ ကို.....မှာ နဖူးဝဲဘက်အခြမ်း ကွဲအက်ပေါက်ပြဲကာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့ပြီး ဆိုက်ကယ်နောက်က စီးလာသူဦးမှာ ဒဏ်ရာများ ရရှိခဲ့ကာ ကျူးလွန်သူ ယာဉ်မောင်းအား ဖမ်းဆီးပြီး ၎င်း၏တပ်သို့ လွှဲပြောင်းအပ်နှံထားကြောင်း သိရသည်။

ယင်းအတူပင် မြောက်ဥက္ကလာပမြို့နယ် သံသုမာ လမ်းပေါ်တွင် မြောက်ဥက္ကပမြို့နယ်နေသူ ကိုဖြိုး (ခ)အောင်သန်းစိုး(၄၁)နှစ် မောင်းနှင်လာသည့် ဖူဆိုဘတ်စ်(၁၅၇)လိုင်း ခရီးသည်တင်ယာဉ်မှာ မဟာနွယ် စားသောက်ဆိုင်ရှေ့တွင် ရှေ့မှဟီးနိုး အငှားယာဉ်အား ၀င်တိုက်မိခဲ့ပြီး  ယာဉ်နောက်လိုက် ကို.....မှာ ဒဏ်ရာများ ရရှိကာ ဆေးရုံသို့ပို့စဉ် သေဆုံးခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ်တွင် နံနက် ၁ နာရီခွဲခန့်က ကမ္ဘာအေး ဘုရားလမ်းမပေါ် ပုလဲကွန်ဒိုရှေ့၌ ယာဉ်သုံးစီး မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်းလည်း သိရသည်။

ဆိပ်ကမ်းမြို့နယ် ကွန်ကရစ်လမ်းပေါ်တွင်လည်း  နစ်ဆန်း ၁၀ ဘီး အငှားယာဉ်မှ လမ်းဖြတ်ကူးသူ မ......(၁၂)နှစ်အား ပွတ်တိုက်မိခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်၊ ဒေါပုံမြို့နယ် မဟာဗန္ဓုလ တံတားပေါ်၌ ညပိုင်းတွင် ယာဉ်မောင်းဌေးအောင် မောင်းနှင်လာသော ၅ခ/....(၂၁၀)ယာဉ်လိုင်း၊ ခရီးသည်တင် ယာဉ်သည် ဘရိတ်ပေါက်ကာ ယာဉ်ငါးစီးအား ဆင့်ကဲဝင်တိုက် မိခဲ့သည့်ဖြစ်စဉ်၊ တွံတေးမြို့နယ်တွင်လည်း ဆိုင်ကယ်အချင်းချင်း တိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်စဉ်၊ ဒဂုံမြို့နယ်ရှိ ယောမင်းကြီးလမ်းတွင် တိုယိုတာ ဒိုင်နာထရပ်ယာဉ်မှ အရှိန်ဖြင့် ရွှေတိဂုံဘုရားလမ်း ဘက်သို့ကွေ့စဉ် ယာဉ်နောက်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦး ပြုတ်ကျဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များမှ ယာဉ်မောင်းများအား သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှ အမှုဖွင့်ထားပြီး အရေးယူရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Eleven Media Group 

နေ့သစ်ကူးနေ့ ညပိုင်းတွင် ဗဟန်းမြို့နယ်၌ ယာဉ်သုံးစီးတိုက်မှုကြောင့် ပျက်စီးသွားသော ယာဉ်တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
နေ့သစ်ကူးနေ့ ညပိုင်းတွင် ဗဟန်းမြို့နယ်၌ ယာဉ်သုံးစီးတိုက်မှုကြောင့် ပျက်စီးသွားသော ယာဉ်တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
RangonNewsDaily:: January . 2 .2014
ရန်ကုန်တိုင်း ဒေသကြီးအတွင်း နှစ်သစ်ကူးနေ့ဖြစ်သော ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး
၌ ယာဉ်တိုက်မှု ခုနစ်မှု ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကန်ဘဲ့ကျေးရွာ ရွာမကြီးတစ်ခုလုံးနီးပါး မီးလောင်ကျွမ်းရသည်မှာ မီးငြှိမ်းသတ်ရန် မီးသတ်ရေစက်မရှိသောကြောင့်ဖြစ်ကြောင်း ဒေသ ခံများ ပြောကြား

Photo: ကန်ဘဲ့ကျေးရွာ ရွာမကြီးတစ်ခုလုံးနီးပါး မီးလောင်ကျွမ်းရသည်မှာ မီးငြှိမ်းသတ်ရန် မီးသတ်ရေစက်မရှိသောကြောင့်ဖြစ်ကြောင်း ဒေသ ခံများ ပြောကြား
Thursday, January 2, 2014

ကန်ဘဲ့ကျေးရွာ ရွာမကြီးတစ်ခုလုံးနီးပါး  မီးလောင်ကျွမ်းရသည့်အကြောင်းမှာ မီးငြှိမ်းသတ်ရန် မီးသတ်ရေစက်မရှိသောကြောင့် ဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့ကြပြီး မီးလောင်ကျွမ်းမှုကြောင့် ကျပ်သိန်းပေါင်း သုံးသောင်းကျော် ဆုံးရှုံးခဲ့သည်ဟု ဒေသခံများ၏ တွက်ချက်မှုအရ သိရသည်။

ဒီဇင်ဘာ ၃၀ ရက် နံနက် ၂ နာရီခန့်တွင် မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ပြီး၊ မီးငြှိမ်းသတ်ရန်အတွက် မီးသတ်ရေစုပ်စက်များ မရှိသောကြောင့် နံနက် ၆ နာရီကျော်သည်အထိ အချိန်လေးနာရီကျော်ကြာ မီးလောင်ကျွမ်းမှု အားကောင်းခဲ့ပြီး အနီးရှိ ဘီတွတ်ကျေးရွာ ကြာကန်ကျေးရွာ၊ လပွတ္တာမြို့များရှိ မီးသတ်ရဲဘော်များ လာရောက်အားဖြည့် ကူညီငြှိမ်းသတ်ပေးခဲ့ရသည့် ဒေသခံများကဆိုသည်။

“ကျွန်တော်တို့ရွာမှာ မီးသတ်ရေစက်က သုံးလုံးရှိတယ်၊ နှစ်လုံးကမကောင်းဘူး၊ ကောင်းတဲ့တစ်လုံးက ကျေးရွာအုပ်ချုပ်ရေးမှူးက လယ်ထဲမှာ ဆောင်းစပါးရေတင်ဖို့ ယူသုံးထားတယ်လို့ပြောတယ်။ မီးလောင်တော့ ရေပက်ဖို့စက်မရှိဘူး၊ သူဌေးတွေဆီ မှာရှိတဲ့ ရေစက်တွေကလည်း မြစ်ရေကျချိန် ဆိုတော့ အဆင်မပြေဘူး။ တကယ်လို့ မီးစလောင်ကတည်းက ရေအားကောင်းကောင်းနဲ့ ဖျန်းနိုင်မယ်ဆို အခုလိုမကုန်ပါဘူး။ အခုတော့ မီးတားဖို့ အိမ်တွေကိုလိုက်ဖျက် ကမ်းနားဆိုင်တွေက လောင်စာဆီပီပါတွေကို မြစ်ထဲ ကန်ချတာလောက်ပဲ လုပ်လို့ရတော့တယ်၊ မတတ်နိုင်ဘူး ကံပေါ့” ဟု ကိုယ်တိုင်မီး ၀င်ငြှိမ်းသတ်ပေးခဲ့ရသည့် ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးပျက်စီးမှုတန်ဖိုးကို သက်ဆိုင်ရာက ကျပ် သိန်း ၅၅၀ ဟု ပြောကြားခဲ့သော်လည်း တကယ်ဆုံးရှုံးနစ်နာခဲ့သည်မှာ ကျပ်သိန်းပေါင်းများစွာရှိကြောင်း ဒေသခံများက တွက်ချက်ပြောကြားသည်။

“ဆိုင်ခန်းနဲ့ လူနေအိမ်ပေါင်း ၂၅၃ လုံး ပျက်စီးတာ၊ ဆိုင်ခန်းတွေချည်း တစ်ရာကျော်ပါတယ်၊ အိမ်ဆိုင်ကြီးတွေကလည်း မနည်းဘူး၊ ဆိုင်ခန်းတစ်ခန်းကို ကာလပေါက်ဈေး သိန်းတစ်ရာ့ငါးဆယ်ရှိတယ်။ ဆိုင်ခန်းမှာ ရင်းနှီးထားတဲ့ ကုန်စည်က တစ်ဆိုင်ကို အနည်းဆုံး နှစ်ရာကနေ သိန်းတစ်ထောင်ကျော်ထိ ရှိတယ်၊ ကျွန်တော့်ဆိုင်ဆို လျှပ်စစ်ပစ္စည်းဆိုင် ဒါတောင်ရင်းထားတာ သိန်းနှစ်ရာကျော်တယ်။ ဘာတစ်ခုမှပြန်မရဘူး။ အ၀တ်တစ်ထည် ကိုယ်တစ်ခုပဲရတယ်၊ အားလုံးပေါင်းဆို သိန်းသုံးသောင်းကျော်လောက်ဆုံးရှုံးသွားတာပါ” ဟု ကန်ဘဲ့ကျေးရွာနေ မီးဘေးသင့်ခဲ့သူ ကိုအောင်အောင်က ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ကျေး ရွာရှိ နေအိမ်ဆိုင်ခန်းပေါင်း ၂၃၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး၊ နေအိမ် ၅၀ ကျော်မှာ မီးကူးမည်ဆိုးသဖြင့် ဖြိုချပစ်ခဲ့ရကြောင်း၊ လူဦးရေ ၁၁၈၂ ဦး မီးဘေးသင့်ခဲ့ပြီး ကျေးရွာတစ်ခု လုံးနီးပါး မီးဘေးသင့်မှုကြောင့် ကျေးရွာရှိ အခြေခံပညာအထက်တန်းအဆင့် စာသင်ကျောင်းကိုပါ ခေတ္တပိတ်ထားရကြောင်း သတင်းရရှိသည်။

Eleven Media Group 

ကန်ဘဲ့ကျေးရွာ မီးလောင်ကျွမ်းပြီးနောက် ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ်(ပုံကြီး)၊ မီးဘေးသင့်သူများအား ထမင်းထုပ်များ ဝေပေးနေစဉ် (ပုံသေး)(ဓာတ်ပုံ-မင်းသူဝင်းထွဋ်)
ကန်ဘဲ့ကျေးရွာ မီးလောင်ကျွမ်းပြီးနောက် ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ်(ပုံကြီး)၊ မီးဘေးသင့်သူများအား ထမင်းထုပ်များ ဝေပေးနေစဉ် (ပုံသေး)(ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

RangonNewsDaily:: January . 2 .2014
ကန်ဘဲ့ကျေးရွာ ရွာမကြီးတစ်ခုလုံးနီးပါး မီးလောင်ကျွမ်းရသည့်အကြောင်းမှာ မီးငြှိမ်းသတ်ရန် မီးသတ်ရေ
စက်မရှိသောကြောင့် ဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့ကြပြီမီးလောင်ကျွမ်းမှုကြောင့်ကျပ်သိန်းပေါင်း 
သုံးသောင်းကျော် ဆုံးရှုံးခဲ့သည်ဟု ဒေသခံများ၏ တွက်ချက်မှုအရ သိရသည်။

ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်ပွားခဲ့လျှင် နျူကလီးယား ဘေးအန္တရာယ် က ၎င်းကျွန်းဆွယ်ကို ဝါးမျိုပစ် လိမ့်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

Photo: ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်ပွားခဲ့လျှင် နျူကလီးယား ဘေးအန္တရာယ် က ၎င်းကျွန်းဆွယ်ကို ဝါးမျိုပစ် လိမ့်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်
Thursday, January 2, 2014

ကိုရီးယား ကျွန်းဆွယ်တွင် စစ်ပွဲ ထပ်မံဖြစ်ပွားခဲ့လျှင် ကြီးမားသည့် နျူကလီးယား ဘေးအန္တရာယ်သည် ၎င်းကျွန်းဆွယ်ကို ဝါးမျိုပစ်လိမ့်မည် ဖြစ်ကြောင်းနှင့် အမေရိကန် နိုင်ငံသည်လည်း အဆိုပါ ဘေးအန္တရာယ်ကို ကာကွယ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ဇန်နဝါရီ ၁ ရက်တွင် ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

မိမိတို့အနေဖြင့် အသေးအဖွဲ မတော်တဆ စစ်ရေးပဋိပက္ခများမှ မီးကုန်ယမ်းကုန် တိုက်ခိုက်ရသည့် စစ်ပွဲအဖြစ်သို့ ဦးတည်သွားနိုင်သော အန္တရာယ်ရှိသည့် အခြေအနေတစ် ရပ်နှင့် ရင်ဆိုင်နေရကြောင်း ၎င်းကပြောကြားခဲ့သည်။ ထို့ပြင် ၎င်းအနေဖြင့် ငြိမ်းချမ်းရေး အတွက် အနူးအညွတ် တောင်းဆိုလိမ့်မည် မဟုတ်ကြောင်းနှင့် ရန်သူများအား တိုက်ခိုက်ရန် နျူကလီးယား လက်နက်ပိုင်ဆိုင်ပြီး အင်အားတောင့်တင်းသည့် မြောက်ကိုရီးယား၏ ကာကွယ်ရေး အစီအမံများနှင့်အတူ ဆုတ်ယုတ် ကုန်ခန်းသည်အထိ ကာကွယ်သွားရန် ကင်က ကတိပြု ပြောကြားခဲ့ကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: January . 2 .2014
ကိုရီးယား ကျွန်းဆွယ်တွင် စစ်ပွဲ ထပ်မံဖြစ်ပွားခဲ့လျှင် ကြီးမားသည့် နျူကလီးယား ဘေးအန္တရာယ်သည် ၎င်း
ကျွန်းဆွယ်ကို ဝါးမျိုပစ်လိမ့်မည် ဖြစ်ကြောင်းနှင့် အမေရိကန် နိုင်ငံသည်လည်း

အမေရိကန်မှာ ရေနံတင်ရထားနှင့် တခြားရထားတို့ တိုက်မိပေါက်ကွဲ

Photo: အမေရိကန်မှာ ရေနံတင်ရထားနှင့် တခြားရထားတို့ တိုက်မိပေါက်ကွဲ
Thursday, January 2, 2014

အမေရိကန်နိုင်ငံ မြောက်ဒါကိုတာပြည်နယ်မှာ ရေနံတွေ တင်လာတဲ့ ရထားတစီးဟာ တခြား ရထားတစီးနဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က တိုက်မိခဲ့လို့ ရထားတွဲ အနည်းဆုံး ဆယ်တွဲ မီးလောင် ပေါက်ကွဲခဲ့ပါတယ်။
ကတ်ဆဲလ်တန်မြို့ပြင်မှာ ၁ မိနစ်အတွင်း ပေါက်ကွဲသံကြီး ၅ ကြိမ် ကို ဒေသခံတွေ ကြားခဲ့ကြတယ်လို့ ဆိုပါတယ်။

ရထားတွဲ ၁၁၂ တွဲပါတဲ့ ပဲပုပ်စေ့တွေ တင်လာတဲ့ ရထားက လမ်းချော်ပြီး နေ့မွန်းလွဲ ၂ နာရီမှာ ရထားတွဲ ၁၀၄ တွဲပါတဲ့ ရေနံစိမ်းတင်ထားတဲ့ ရထားနဲ့ ၀င်တိုက်ခဲ့တာလို့ ဒေသခံ အရာရှိတွေက ပြောပါတယ်။
ဒဏ်ရာရမှု သတင်းတွေတော့ ထွက်ပေါ်မလာသေးသလို ရထားတိုက်မိမှုကြောင့် ရေနံစိမ်း တင်လာတဲ့ ရထားရဲ့ အင်ဂျင်၂ ခုစလုံး ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

တိုက်မိတဲ့ရထား ၂ စီးလုံးဟာ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ၀ါရင့်ဘက် ဖတ်ပိုင်တဲ့ BNSF ရထားကုမ္ပဏီက ဖြစ်ပါတယ်။ အခင်းဖြစ်ရာနဲ့ ၁၀ မိုင်ပတ် လည်က ဒေသခံတွေကို မီးခိုးငွေ့တွေကို ရှောင်ရှားနိုင်ရေးအတွက် အိမ်ထဲ မှာပဲ နေဖို့ အကြံပြု ထားပါတယ်။

အခင်းဖြစ်ရာ အနီးတ၀ိုက်က ဒေသခံတွေကို နေရာရွှေ့ပြောင်း ပေးထား ပါတယ်။

မြောက်ဒါကိုတာဟာ အောက်တိုဘာလအတွင်းက ၁ ရက်ကို ရေနံစိမ်းစည် ၉ သိန်းခွဲနီးပါး ထုတ်လုပ်ပြီး ရေနံစိမ်းအများစုကို ရထားနဲ့ တင်ပို့ပါတယ်။

DVB

RangonNewsDaily:: January . 2 .2014
အမေရိကန်နိုင်ငံ မြောက်ဒါကိုတာပြည်နယ်မှာ ရေနံတွေ တင်လာတဲ့ ရထားတစီးဟာ တခြား ရထားတစီးနဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့ကတိုက်မိခဲ့လို့ရထားတွဲအနည်းဆုံးဆယ်တွဲ မီးလောင် ပေါက်ကွဲခဲ့ပါတယ်။ကတ်ဆဲလ်
တန်မြို့ပြင်မှာ ၁ မိနစ်အတွင်း ပေါက်ကွဲသံကြီး ၅ ကြိမ် ကို ဒေသခံတွေ ကြားခဲ့ကြတယ်လို့ ဆိုပါတယ်။