Pages

Wednesday, December 31, 2014

သာကေတတွင် လူသိများသော ဆရာဝန်တစ်ဦး အသတ်ခံရ


RangonNewsDaily:: December . 30 .2014
လူနာများအပေါ် ဆက်ဆံရေးကောင်းစွာ ဆေးကုသပေးမှုကြောင့် လူသိများလာသော သာကေတမြို့နယ် ၂/မြောက်ရပ်ကွက်၊ ဇင်္ဂမလမ်းတွင် နေထိုင်သူ အသက် ၅၇ နှစ် အရွယ်ရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးမှာ ဒီဇင်ဘာလ ၂၉ ရက် နံနက် ၉ နာရီခွဲက ၎င်း၏နေအိမ်၌ ဦးခေါင်းနှင့် မျက်နှာ ပေါက်ပြဲဒဏ်ရာများဖြင့် အသတ်ခံရကြောင်း မျက်မြင်တွေ့ရှိသူများနှင့် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ အသတ်ခံရသူ ဒေါက်တာကြည်ဝင်းမှာ လူနာများနှင့် ပြောဆိုဆက်ဆံရာတွင် စိတ်သဘောထား ကောင်းမွန်သူ ဖြစ်ကြောင်း၊ လူငယ်တစ်ဦးက ဆရာဝန် လာရောက်ပင့်ခေါ်စဉ် ဆေးခန်းတံခါး ပိတ်ထားသဖြင့် ပတ်ဝန်းကျင်ကို မေးမြန်းပြီး မသင်္ကာသောကြောင့် ရပ်ကွက် တာဝန်ရှိသူများက ဆေးခန်းအတွင်း ဝင်ရောက်ကြည့်ရှုရာမှ အဝတ်မပါဘဲ သေဆုံးနေသော ဆရာဝန်ကို တွေ့ရှိခဲ့ရကြောင်း သေဆုံးသူ နေအိမ်မျက်နှာချင်းဆိုင်ရှိ ပညာရွှေပြည် ပုဂ္ဂလိက အထက်တန်းကျောင်းမှ ကျောင်းအုပ်ဦးစိုးအောင်က ပြောကြားသည်။

“တံခါးဖွင့်လိုက်တော့ သူ့အိပ်ခန်းထဲမှ ဝတ်လစ်စားလစ်နဲ့ ပက်လက်လန်ပြီး သေဆုံးနေတာ၊ သူ့အနားမှာလည်း သွေးစွန်းနေတဲ့ မီးပူတစ်လုံးနဲ့ မီးခံသေတ္တာကို ရိုက်ဖွင့်ထားတာလည်း တွေ့ရတယ်” ဟု ၎င်းက ပြောကြားသည်။
::
အဆိုပါ အသတ်ခံရသူ ဒေါက်တာမှာ ၎င်းသေဆုံးခဲ့သော နေအိမ်တွင် အထွေထွေရောဂါကု ဆေးခန်းဖွင့်လှစ်ခဲ့သည်မှာ နှစ် ၃၀ ခန့် ကြာမြင့်နေပြီး လူပျိုကြီးဖြစ်ကာ တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်း၊ အသတ်မခံရမီ နံနက် ၈ နာရီခန့်က ကျန်းမာရေးအတွက် လမ်းလျှောက်ပြီး နေအိမ်ပြန်လာသည်ကို အိမ်နီးချင်းများက တွေ့ရှိခဲ့ကြောင်း ယင်းအိမ်နီးချင်းများထံမှ စုံစမ်းသိရှိရသည်။

“ဆရာက မနက်တိုင်း လမ်းလျှောက်ထွက်တယ်၊ လူသတ်မှုမဖြစ်ခင် အမျိုးသား သုံးလေးယောက်က ဆေးခန်းထဲ ဝင်သွားပြီး သိပ်မကြာဘူး ပြန်ထွက်သွားပြီး ဆေးခန်းတံခါးကို ပြန်စေ့ခဲ့တာကို မြင်တဲ့သူ ရှိတယ်။ ဒီလို အသတ်ခံရမယ်လို့ ဘယ်သူမှ ထင်မထားဘူး၊ ဆရာက အရမ်းသဘောကောင်းတာ” ဟု ဇင်္ဂမလမ်းတွင် နေထိုင်သူ အသက် ၄၀ အရွယ်ခန့်ရှိ အမျိုးသမီးက ပြောဆိုသည်။
::
သေဆုံးခဲ့သော ဒေါက်တာမှာ သံဃာများကို အခမဲ့ ဆေးကုသပေးပြီး အနီးအနားမှ ဆေးလာကုသသည့် ဆင်းရဲနွမ်းပါးသူများကို ဈေးနှုန်းချိုသာစွာ ကုသပေးမှုကြောင့် လူသိများသည့် ဆရာဝန်တစ်ဦး ဖြစ်သကဲ့သို့ လူငယ်များနှင့် ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံသူ ဖြစ်ကြောင်း ဇင်္ဂမလမ်းတွင် နေထိုင်သူများထံမှ သိရှိရသည်။

“လူသတ်မှုဖြစ်တဲ့ နေအိမ်ထဲ ဝင်တော့ ပေါင်းအိုးမီးလည်း လင်းနေတုန်း၊ ဆရာအိပ်တဲ့အခန်းက ဆလိုက်တံခါးလည်း ပျက်သွားပြီး လူသတ်သမားက တံခါးပြန်ထောင်ခဲ့တာမို့ တံခါးမှာ သွေးကွက်တွေ ပေကျံနေတယ်” ဟု ပညာရွှေပြည် ပုဂ္ဂလိက အထက်တန်းကျောင်းမှ ကျောင်းအုပ် ဦးစိုးအောင်က ပြောဆိုသည်။
::
အဆိုပါ ဒေါက်တာဦးကြည်ဝင်းမှာ ဆယ်ကျော်သက် လူငယ်များနှင့် ရင်းနှီးဆက်ဆံ နေထိုင်တတ်သူတစ်ဦး ဖြစ်ပြီး ကာလသားရောဂါ ကုသရာတွင် နာမည်ကြီး ဆရာဝန်တစ်ဦး ဖြစ်ကြောင်း၊ လူသတ်မှု ကျူးလွန်သူများက မီးခံသေတ္တာ ရိုက်ဖွင့်ခဲ့သော်လည်း ပျောက်ဆုံးမှုစာရင်းကို အတိအကျ သိရှိနိုင်ရန် ရပ်ဝေးတွင် နေထိုင်သည့် ၎င်း၏ မိသားစုဝင်များနှင့် ဆက်သွယ်ပြီး စုံစမ်းစစ်ဆေးနေကြောင်း သာကေတ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
::
လူသိများသော အထွေထွေရောဂါကု ဆရာဝန် အသတ်ခံရမှုကြောင့် ယင်းဆေးခန်းတွင် လာရောက်ကုသဖူးသူများနှင့် သာကေတမြို့နယ်တွင် နေထိုင်သူများ လာရောက်ကြည့်ရှု
ခဲ့သောကြောင့် သေဆုံးသူ ဒေါက်တာ၏ နေအိမ်ရှေ့တွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့ကြောင်း၊ သေဆုံးသူ ဆရာဝန်မှာ ဘယ်ဘက်မျက်လုံး ပေါက်ထွက်ကာ မျက်နှာနှင့် ဦးခေါင်းတို့၌ ပေါက်ပြဲဒဏ်ရာများဖြင့် ဝတ်လစ်စားလစ် သေဆုံးခဲ့သည့် ၎င်း၏ ရုပ်အလောင်းကို ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်တွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲအပ်ခဲ့ပြီး လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း သာကေတ မြို့မရဲစခန်းထံမှ သိရှိရသည်။

The Voice ::--
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment