Pages

Friday, May 23, 2014

ဝန်ကြီးချုပ်ဟောင်း ယင်လပ်၊ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် စစ်တပ်သို့ လာရောက် သတင်းပေးပို့


RangonNewsDaily: May . 23 .2014
စံခလပူရီ၊ မဇ္ဈိမ။ ။ နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေး ကောင်စီ အဖွဲ့ (National Peace and Order Maintaining Council) က ထုတ်ပြန် ကြေငြာထားချက် အတိုင်း
မေလ ၂၃ရက် နံနက် ၁၁ နာရီ ၅၉ မိနစ်တွင် ယခင် ဝန်ကြီးချုပ်ဟောင်း မစ္စစ် ယဉ်လပ် ရှင်နာဝါဒ်က ကြည်းတပ် စစ်ဦးစီး ချုပ်ရုံးသို့ သွားရောက် သတင်းပို့ ခဲ့သည်။

စစ်တပ်မှ မေလ ၂၂ ရက်နေ့ ညနေ (၄) နာရီတွင် အာဏာသိမ်းခဲ့ပြီးနောက် ယခင် ဝန်ကြီးချုပ်ဟောင်း ဖြစ်သူ မစ္စစ် ယဉ်လပ် ရှင်နာဝါဒ်မှာ ထိုင်းနိုင်ငံ အတွင်း၌ ရှိနေသည်ဟု ယူဆရသော်လည်း မည်သည့်
နေရာတွင် ရှိနေသည်ကို အတိအကျ မသိရှိရဘဲ ပျောက်ဆုံးနေသည်ဟု ယူဆခဲ့ကြသည်။

စစ်တပ်မှ နေရာအနှံ့ လိုက်လံ ရှာဖွေ ခဲ့သော်လည်း မတွေ့ရှိ ခဲ့သဖြင့် မေလ ၂၃ရက် မနက် (၁၀) နာရီတွင် သူမအား ကြည်းတပ် ဦးစီးချုပ်ရုံးသို့ လာရောက် သတင်းပေးပို့ရန် NPOMC အဖွဲ့က ကြေငြာချက်
ထုတ်ကာ ဆင့်ခေါ်ခဲ့သည်။

မစ္စစ် ယဉ်လပ်၏ လာရောက် သတင်း ပေးပို့မှုကို အာဏာသိမ်း အဖွဲ့မှ ၁၅ မိနစ်ခန့်သာ စစ်ဆေး မေးမြန်းမှု ပြုခဲ့ပြီး သတင်းပေးပို့ခဲ့သည်ဟု ထိုင်းမီဒီယာများက ဖော်ပြခဲ့သည်။

ထိုင်းစံတော်ချိန် ၁၂ နာရီ ၃၅ မိနစ်၌မူ မစ္စစ် ယဉ်လပ် သတင်းလာပို့စဉ် စီးနင်းလာသည့် ကားမှာ ရုံးတွင်းမှ ပြန်ထွက် သွားခဲ့သော်လည်း မစ္စစ် ယဉ်လပ်လိုက်ပါ သွားခြင်း မရှိဘဲ နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေး ကောင်စီ အဖွဲ့ (National Peace and Order Maintaining Council) အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာ့ယွတ် ဂျန်းအိုးချာနှင့် တွေ့ဆုံရန် ဆက်လက် စောင့်ဆိုင်း နေခဲ့သည်ဟု
ထိုင်းမီဒီယာ များတွင် ဖော်ပြထားသည်။

ထို့ပြင် အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် ဖြစ်သူ နိုင်ဝိဝါဒ် ထာမ်းရွမ်း ဘွန်းဆွန် ဖိုင်စာန်သည်လည်း မေလ ၂၃ရက် ၉ နာရီ ၃၅ မိနစ်၌ ထိုင်းစစ်စီးစီး ချုပ်ရုံးသို့ သွားရောက်၍ သတင်းပို့ခဲ့သည်။

မေလ ၂၂ ရက် ညနေ၌ အာဏာသိမ်း အဖွဲ့၏ ထုတ်ပြန် ကြေငြာချက် အရ စာရင်းပါ ယခင် အစိုးရ အဖွဲ့ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်များ လာရောက် သတင်းပေးပို့ရန် ထုန်ပြန်ထားပြီး မေလ ၂၃ရက်တွင် သတင်းပေးပို့ရမည့်သူ ဦးရေ စာရင်းကို ထပ်တိုး ထုတ်ပြန် ခဲ့သည်။

ထို့ပြင် လူပေါင်း ၁၅၅ ဦး တို့ကိုလည်း ထိုင်းနိုင်ငံတွင်းသာ နေထိုင်ခွင့် ပြု၍ ပြည်ပ နိုင်ငံများသို့ ခရီး ထွက်ခွာခွင့် မပြုကြောင်းလည်း ကြေငြာထားပါသည်။

ယခု စစ်တပ်မှ အာဏာသိမ်းစဉ် အတွင်း နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရေး ကောင်စီ အဖွဲ့ (National Peace and Order Maintaining Council) အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာ့ယွတ် ဂျန်းအိုးချာသည် “ဝန်ကြီးချုပ်” ကဲ့သို့ အာဏာ ရှိသည် ဟုလည်း မေလ ၂၂ရက် သတင်းများ၌ NPOMC မှ ထုတ်ပြန် ကြေငြာ ထားပါသည်။

စစ်တပ်မှ အာဏာ သိမ်းထားသော်လည်း ကုလ အဖွဲ့အစည်း၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းနှင့် နိုင်ငံတကာများနှင့် ဆက်ဆံရေးမှာ ယခင် အစိုးရအတိုင်း ပုံမှန် အနေအထား ရှိမည်ဟု NPOMC မှ ထုတ်ပြန် ထားပြီး နိုင်ငံတကာ သံရုံးမှ သံအရာရှိများ၊ စစ်သံမှူးများနှင့် နိုင်ငံတကာ အဖွဲ့ အစည်းမှ တာဝန်ရှိသူများကို မေလ ၂၃ ရက်နေ့ မွန်းလွဲ ပိုင်းတွင် တွေ့ဆုံကာ လက်ရှိအခြေအနေအား ရှင်းပြမည်ဟု ထုတ်ပြန်ထားသည်။

စစ်တပ်က မေလ ၂၂ရက် ညနေက အာဏာသိမ်းခဲ့ပြီး နာရီပိုင်းအတွင်း ညနေ ၇ နာရီခန့်တွင် ည၁၀နာရီမှ နံနက် ၅နာရီအထိ ညမထွက်ရ အမိန့် ထုတ်ပြန်ထားခဲ့သည်။ ထိုညမထွက်ရ အမိန့်မှာ လေယာဉ် စီးမည့် ခရီးသည်များ၊ ဆေးရုံ အသီးသီးမှ ဝန်ထမ်းများ၊ စက်ရုံ အလုပ်သမားများ၊ အအေးခန်း ကုန်ထုတ် လုပ်ငန်းများနှင့် နိုင်ငံခြား ကုန်တင်ကုန်ချ လုပ်ငန်းများတွင် လုပ်ကိုင် နေသူများနှင့် သက်ဆိုင်ခြင်း မရှိစေရဟုလည်း
ဆိုပါသည်။

ပုံစာ- မေလ ၂၃ရက်က ထိုင်းကြည်းတပ် စစ်ဦးစီး ချုပ်ရုံးသို့ သွားရောက်သတင်းပေးပို့သည့် ဝန်ကြီးချုပ်ဟောင်း ယဉ်လပ်၏ ကားကို တွေ့ရစဉ်။ (ဓာတ်ပုံ- EPA)

Mizzima News , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment