Pages

Friday, March 7, 2014

နိုင်ငံတကာရှိ မြန်မာပိုင် သံရုံးများ၏ ကာလတန်ဖိုး ထုတ်ပြန်


RangonNewsDaily: March . 7 .2014
မြန်မာအစိုးရက ဝယ်ယူ ပိုင်ဆိုင်ထားသည့် ပြည်ပနိုင်ငံများရှိ သံရုံးများ၏ ကာလ တန်ဖိုးများကို နိုင်ငံခြားရေး ဝန်ကြီးဌာနက မတ်လ ၆ ရက်နေ့တွင် အမျိုးသားလွှတ်တော် နဝမအကြိမ် ပုံမှန် အစည်းအဝေးတွင် ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံ အနေနှင့် ကမ္ဘာအရပ်ရပ်ရှိ မြို့တော်နှင့် မြို့ကြီး ၄၀ တွင် သံရုံး၊ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး ၄၀ ကို ဖွင့်လှစ်ထားကြောင်း၊ ၁၈ ခုမှာ နိုင်ငံတော်ပိုင် သံရုံးများ၊ စစ်သံရုံးများ၊ သံရုံးမြေ ဧရိယာများ ဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁၂၄ သန်းကျော် တန်ဖိုးရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ ဖြေကြားချက်အရ သိရသည်။

နိုင်ငံတော် အစိုးရက သံအမတ် ခန့်အပ်ကာ သံရုံး ဖွင့်လှစ်ထားသည့် နိုင်ငံများရှိ နိုင်ငံပိုင် သံရုံးများ၊ စစ်သံရုံးများနှင့် ဆက်စပ်သည့် နိုင်ငံတော်မှ ပိုင်ဆိုင်သော ကမ္ဘာအရပ်ရပ်ရှိ သံရုံးမြေ ဧရိယာများ၊ သံရုံးစာရင်းများနှင့် စပ်လျဉ်းသည့် ရခိုင်ပြည်နယ် အမှတ်(၁) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ မေးခွန်းကို နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ဦးလွင်က ပြန်လည် ဖြေဆိုခြင်း ဖြစ်သည်။

ယခင်အစိုးရ လက်ထက်များက သံရုံး ဆိုသည်မှာ ဆန္ဒပြရန်နှင့် အခွန်ကောက်ခံရန် နေရာဟု ပြည်ပရောက် မြန်မာများ ရှုမြင် သဘောထားကာ ကွင်းရှောင်လေ့ ရှိခဲ့သော်လည်း ယခုအခါတွင် ပွင့်လင်းလာသည့် အလျောက် အဆိုပါ သံရုံးများနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ ထိတွေ့ ဆက်ဆံမှု ရှိရန် ပိုမို လိုအပ်လာကြောင်း၊ သံရုံးဆိုသည်မှာ မြန်မာနိုင်ငံ၏ ပြည်ပတွင် ရှိသည့် တစ်စိတ်တစ်ဒေသသော အချုပ်အခြာ အာဏာပိုင်သည့် နေရာဖြစ်သဖြင့် အဆိုပါ မြေများကို နိုင်ငံသားများ ဂုဏ်ယူဖွယ် ဖြစ်စေရန် မှတ်တမ်းများဖြင့် တင်ပြ အသိပေးရန် လိုအပ်ကြောင်း ဒေါက်တာအေးမောင်က ပြောဆိုသည်။

အဆိုပါ မြန်မာအစိုးရပိုင် သံရုံး ၁၈ ခု အနက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သံရုံးမှာ အမေရိကန် ဒေါ်လာ ၁၃၂၃ ဒသမ ၈၃ သန်း (ထိုင်းဘတ်ငွေ ၄၁,၈၅၀ သန်း) ဖြစ်ပြီး ယင်းတန်ဖိုးမှာ အခြား ၁၇ ၏ စုစုပေါင်း တန်ဖိုးထက် များပြားနေသည်။

ဂျပန်နိုင်ငံရှိ မြန်မာသံရုံး မြေကို ပြန်လည် ရောင်းချခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါက်တာအေးမောင်က သံရုံး ဧရိယာများ အပါအဝင် ပြည်ပရှိ မြန်မာအစိုးရပိုင် သံရုံးများ ရောင်းချခဲ့ဖူးခြင်း ရှိ မရှိ၊ အသစ်ဝယ်ယူရန် အစီအစဉ် ရှိ မရှိကိုပါ ယနေ့ ပြုလုပ်သည့် အစည်းအဝေးတွင် ထည့်သွင်း မေးမြန်းခဲ့သော်လည်း ပြည်ထောင်စု ဒုဝန်ကြီးက အဆိုပါ အချက်များနှင့် ပတ်သက်ပြီး ဖြေဆိုခဲ့ခြင်း မရှိပေ။

“သူ့မှာလည်း ဒီလောက်ပဲ ဖြေဖို့ ပါလာတယ်လို့ပဲ မှတ်ယူ နားလည်ရမှာပါ၊ အချုပ်အခြာပိုင် မြေကို ရောင်းတယ်၊ ဝယ်တယ် ဆိုတာက နိုင်ငံခြားရေး ဝန်ကြီးဌာန တစ်ခုတည်းနဲ့ ဆိုင်တာ မဟုတ်ဘူးလေ။ အစိုးရ တစ်ဖွဲ့လုံးနဲ့ ဆိုင်တာပဲ” ဟု သံရုံးမြေများ ရောင်းချဖူးခြင်း၊ အသစ် ဝယ်ယူခြင်းများနှင့် ပတ်သက်သည့် မေးမြန်းချက်ကို ဒုတိယဝန်ကြီးက ဖြေကြားခဲ့ခြင်း မရှိသည့်အပေါ် ဒေါက်တာအေးမောင်က ပြောဆိုသည်။

မြန်မာနိုင်ငံ၏ သံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံး ၄၀ အနက် ကျန်ရှိသည့် ၂၂ ရုံးကို သက်ဆိုင်ရာ နိုင်ငံများမှ ငှားရမ်း သုံးစွဲလျက် ရှိပြီး ငှားရမ်းခများကို နှစ်စဉ် နိုင်ငံတော် ဘဏ္ဍာငွေ စာရင်း၌ ထည့်သွင်း ရေးဆွဲပြီး ခွင့်ပြုမိန့် ရယူ သုံးစွဲလျက် ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။

The Voice  ,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment