Pages

Saturday, September 28, 2013

အရက်၊ အဝလွန်ခြင်း၊ ဆီးချိုရောဂါနှင့် အသည်းအဆီဖုံးခြင်း

RangonNewsDaily:: September 28, 2013

အသည်းအဆီဖုံး ရောဂါဆိုတာ တကယ်တော့ အသည်းကို အဆီဖုံးတာတွေ မဟုတ်ဘူး။ အသည်းထဲက ဆဲလ်တချို့မှာ အဆီအိတ်ဥလေးတွေ စုနေတာကိုပြောတာ။ အဆီဥလေးတွေ စုနေတဲ့အတွက် အသည်းက နည်းနည်းကြီးပြီး အသည်းညာဘက် အောက်ပိုင်းတင်းတယ်။
၁။ အရက်ကြောင့်ဖြစ်သော အဆီဖုံးရောဂါ

အရက် အလွန်အကျွံသောက်တဲ့အတွက် အသည်းမှာ ဦးဆုံးရလာတဲ့ဒဏ်ရာ ဖြစ်တယ်။

၂။ အရက်ကြောင့် မဟုတ်ဘဲ သာမန်လူများတွင်ဖြစ်သော အဆီဖုံးရောဂါ

ဝတဲ့လူ၊ ဆီးချိုရှိတဲ့လူတွေမှာ ပိုပြီး အဖြစ်များတယ်။ ကျန်းမာတဲ့ လူတစ်ယောက်ရဲ့ အသည်းထဲမှာ အဆီဥစုနေတဲ့ အသည်းဆဲလ် နည်းနည်းပဲရှိတယ်။ ဒါမှမဟုတ် မရှိပါဘူး။ လေ့ကျင့်ခန်းနည်းတဲ့လူတွေမှာ အသည်းအဆီဖုံး ပိုဖြစ်တတ်တယ်။ အသည်းအဆီဖုံးရောဂါဟာ တဖြည်းဖြည်း အဖြစ်များတဲ့ ရောဂါလို့ ဆိုရမယ်။ 


အာထရာဆောင်းတွေ ပေါ်လာလို့လား ဒါမှမဟုတ် လူတွေက ပိုပြီး အာရုံစိုက်လာကြလို့လား မသိဘူး။ ပိုပြီးအဖြစ်များလာတယ်လို့ပဲ ထင်မိတယ်။ လူသုံးယောက်မှာ တစ်ယောက် အသည်းအဆီဖုံး ရောဂါရှိတယ်လို့ ပြောတဲ့လူကတောင် ပြောနေတယ်။ အသက် ၅၀ ကျော်တဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်တယ်။အသည်းအဆီဖုံးတော့ ညာဘက်ရင်ဘတ်အောက်ပိုင်းမှာ နည်းနည်းတင်း၊ ထောက်ရုံသာ ထောက်၊ ဘာမှမဖြစ်ဘူး။ 

ဒါပေမဲ့ တချို့အဆီဖုံးတဲ့လူတွေမှာ အဆီဖုံးတဲ့ အသည်းဆဲလ်တွေကပဲ ရောင်ရမ်းမှုဖြစ်စေတယ်။ အဆီလည်းဖုံး၊ အသည်းလည်းရောင်တဲ့ အခြေအနေတစ်ခု ဖြစ်လာတယ်။ အရက်ကြောင့်ပဲဖြစ်ဖြစ်၊ အရက်ကြောင့် မဟုတ်ဘဲ အဆီဖုံး အသည်းရောင်ပဲဖြစ်ဖြစ်၊ အသည်းခြောက်ရောဂါကို တဖြည်းဖြည်း ပြောင်းသွားတယ်။ အရက်ကြောင့်ဖြစ်တဲ့ အဆီဖုံး အသည်းရောင်ကို Alcoholic Stea-tohepatitis လို့ ခေါ်တယ်။ 

အရက်ကြောင့် မဟုတ်တဲ့ အဆီဖုံးအသည်းရောင်ကိုတော့ Non-alcoholic steato-hepotitis၊ အတိုကောက် NASH (နက်ရှ်) လို့ခေါ်တယ်။ အသည်းခြောက်ရောဂါ ဖြစ်လာပြီဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရေဖျဉ်းစွဲ၊ ဝမ်းအမည်းသွား၊ သွေးအန်၊ မျက်လုံးဝါ၊ အသားစားများလို့ ဝမ်းချုပ်ရင် သတိလစ်ချင်ချင် ဖြစ်တာ၊ အိပ်ဆေးသောက်ရင်၊ ဘယဆေးတွေ သောက်ရင် အခြေအနေဆိုးလာပြီး သတိလစ်ချင်ချင်ဖြစ်တာ စတဲ့ အသက်ကို အန္တရာယ်ပေးတဲ့ နောက်ဆက်တွဲတွေ ပေါ်လာတယ်။

အသည်းအဆီဖုံးကာစမှာ ညာဘက်ရင်ဘတ်တောင့်ရုံတင်းရုံ၊ အသည်းကြီးရုံကလွဲပြီး ဘာမှမဖြစ်ဘူး။ အသည်းခြောက်လာပြီဆိုရင်တော့ အပေါ်က လက္ခဏာတွေအပြင် ကိုယ်ပေါ်မှာ အနီစက်လေးတွေ ပေါ်တယ်၊ ယားတယ်။ ထိခိုက်ရင် သွေးဖောက်ရင်၊ ဆေးထိုးရင် သွေးယိုလွယ်တယ်။ 


အညိုကွက်ကြီးတွေ ပေါ်တယ်။ ကြွက်သားတွေ ပျော့ပြီး အထိုင်အထခက်တယ်။ အသည်းခြောက်ကနေ အသည်းကင်ဆာ ကူးသွားနိုင်သလို အသည်းအဆီဖုံးရောဂါကလည်း အသည်းကင်ဆာကို ကူးသွားနိုင်တယ်။ အားရှိအောင်လို့ ဝက်သား၊ ဝက်ဆီ၊ မလိုင်နဲ့ အနှစ်များတဲ့ ဥတွေစားရင် အသည်းအဆီဖုံးရောဂါရ လွယ်တယ်။ 

ဒီရောဂါနဲ့တွဲပြီး နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးကြောပိတ်ရောဂါတွေလည်း ရလွယ်တယ်။ တချို့ဘယဆေးတွေ သောက်ရင်လည်း အသည်းအဆီ ဖုံးရောဂါရနိုင်တယ်။ အနောက်တိုင်း ဆေးတွေမှာလည်း အသည်းအဆီဖုံးရောဂါရတဲ့အတွက် ဈေးကွက်က ဖယ်လိုက်တဲ့ဆေး၊ ဈေးကွက်ကနေ သတိထား သုံးရမယ့်ဆေးတွေ ရှိတယ်။ 

ကိုယ်ဝန်ဆောင်စဉ်မှာ အလွန်ဆိုးရွားတဲ့ အသည်းအဆီဖုံးရောဂါ Acute Fatty Liver ဆိုတာလည်း ရတတ်တယ်။ အသည်းအဆီဖုံးတာနဲ့ အသည်းစစ်ဆေးချက်၊ သွေးအတွင်း အဆီများ၊ မများ စစ်လေ့ရှိတယ်။ တစ်ခါတည်းနဲ့တော့ မပြီးဘူး။အာထရာဆောင်း၊ CT Scan MRI က အသည်းထဲက အဆီတွေကိုပြတယ်။

အဆီဖုံးတဲ့ အသည်း ဘယ်လောက်ခြောက်နေတယ်ဆိုတာ သိရအောင် အသည်းအသားစ Biopsy ယူကြည့်မှ သိရတယ်။ ဒါပေမဲ့ လူတွေက Biopsy မယူချင်ကြဘူး။ Fibro-scan ဆိုတာ ရှိသေးတယ်။ အသည်းကျစ်တာကို တိုင်းတဲ့စက်ရှိတယ်။ အရက်သောက်တတ်ရင် အရက်ဖြတ်ရမယ်။ အရက်မသောက်ဘဲ အသည်းအဆီဖုံးရင် အဆီအအိမ့်လျှော့စားရမယ်။ ဥ အနှစ်လျှော့စားရမယ်။ 


အချိုလျှော့စားရမယ်။ လေ့ကျင့်ခန်းလုပ်ရမယ်။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ရင် အဆီကျသွားတယ်။ ဆီးချိုနိုင်အောင် ထိန်းရမယ်။ တစ်နေ့ကို ၁၀ မိနစ် နှစ်ခါ၊ သုံးခါလောက် လေ့ကျင့်ခန်းလုပ်၊ တစ်ပတ်မှာမိနစ် ၁၅၀ လောက်ရအောင် လုပ်ရင်ဆီးချို၊ အသည်းအဆီဖုံးအတွက် ကောင်းတယ်။ 

အရက်သောက်ရင်လည်းတစ်နေ့မှာတစ်ယူနစ်ထက် မပိုစေနဲ့။တစ်ယူနစ်ဆိုတာ25 ml ရေနွေးကြမ်းတစ်ခွက်
လောက်၊ ဝိုင်ခွက်တစ်ခွက်လောက် 70-80 ml ၊ ဘီယာဆိုရင် ဘီယာမတ်ခွက် တစ်ဝက်ဆိုရင် တော်လောက်ပြီ။ ပိုမသောက်နဲ့။

ပါမောက္ခဦးသံစစ် (အသည်းအထူးကု)

RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment