Pages

Tuesday, May 21, 2013

ဗုဒ္ဓဘာသာဝင်တို့၏ ထူးမြတ်သော ကဆုန် ညောင်ရေသွန်းပွဲတော်

ကဆုန် ညောင်ရေသွန်းပွဲတော်သည် ဗုဒ္ဓဘာသာဝင်တို့၏ ထူးမြတ်သော ဘာသာရေးပွဲတော်တစ်ခု ဖြစ်သည်။ နွေဥတု၏ အလယ်ဗဟို ကဆုန်လပြည့် နေ့၌ မဟာဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောအားဖြင့် ဆင်ယင် ကျင်းပသော ပွဲတော်ဖြစ်သည်။
မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌ သူ အမြတ်နိုးဆုံးဖြစ်သည့် သဗ္ဗညုတဥာဏ်တော်ကို ရရှိခဲ့သည်၊ ဤအကြောင်း ကို လယ်တီဆရာတော်ဘုရားက-
“ခါတော်တပုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန် လပြည့် ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက် ရွှေညောင်တော်ကြီး၊ ဗိတာန် ထီးနှင့် စသည်ဖြင့် ခုနစ်နေ့ ဘုရားရှိခိုး လင်္ကာ၌ ဆိုခဲ့ စပ်ခဲ့ ရေးခဲ့သည်။
ဤလောက၏ အလင်းရောင် စတင်ခဲ့သောနေ့လည်း ဖြစ်သည်။
ဤနေ့မှာပင် အဝိဇ္ဇာအမှောင်ထုကို အရဟတ္တမဂ် မိုးကြိုးစက်ဖြင့် ဖြိုဖျက်ခဲ့ သည်။ မြတ်ဗုဒ္ဓသည် မဟာဗောဓိညောင်ပင်အောက်၌ အလင်းပေါက်ခဲ့ သည်။ မာရ်အားလုံးကို အောင်မြင်ခဲ့သည်။ အရဟတ္တမဂ်တည်းဟူသော ဗောဓိဥာဏ်ကို ရသည့်နေရာဖြစ်၍ ညောင်ပင်ကို ဗောဓိညောင်ဟု ခေါ်ကြ သည်။ ယင်းဗောဓိညောင်ပင်သည် ဘုရားရှင်၏ အသုံးဆောင် ပရိဘောဂ စေတီ တစ်မျိုးလည်းဖြစ်သည်။
ပရိဘောဂစေတီတော် ဗောဓိညောင်ပင်ကို ကြည်ညိုသဒ္ဓါစိတ်ဖြင့် ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ ရေသွန်းခြင်း စသည်တို့ဖြင့် ကောင်းမှုပြုလျှင် သက်တော်ထင်ရှား မြတ်ဘုရား၌ ကောင်းမူပြုသည်နှင့် အတူတူပင် ဖြစ်သည်။ ဤသည်ကို ရည်၍-“ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်” စသည်ဖြင့် လက်ဝဲသုန္ဒရအမတ်ကြီး စပ်ဆိုရေးသားခဲ့ သည်။
နေ့လည်မွန်းတည့်ချိန်သည် နေရှိန်အမြင့်ဆုံး ဖြစ်သကဲ့သို့ နွေဥတု ၄-လ၏ အလယ်ဗဟို ကဆုန်လပြည့် (နွေမွန်းတည့်) ကာလသည်လည်း အလွန်ပူပြင်း လှသည်။
“တန်ခူးရေကုန် ကဆုန်ရေခန်း” အချိန်ဖြစ်၍ အသီးသီးသော သစ်ပင်တို့ သည် အရိုးပြိုင်းပြိုင်းဖြင့် ညှိုးပိန်နေကြသည်။ 
အရှင်နေမင်းကလည်း ပူရှိန် ပြင်းပြင်းဖြင့် အလွန်အမင်းပင် နှိပ်စက်နေပြန်သည်။
သစ်ပင်ပန်းမာလ်များသည် ရေ ကြည်တစ်ပေါက် သောက်ရမည့်အရေး မျှော် တွေး၍ ငေးမှိုင်နေကြရရှာသည်။ သက်ရှိသတ္တဝါများသည် အပူဒဏ် ကာ ကွယ်နည်းအမျိုးမျိုး သုံးနိုင်သော်လည်း သစ်ပင်များမှာ ဝဋ်နှင့်ကြမ္မာ မလွတ် သာပဲ ကြိတ်မှိတ်၍ ခံနေကြရရှာသည်။
ထိုအထဲတွင် ဗောဓိပင်လည်း အများနည်းတူ ဝိပါက်တော် ကြုံကြိုက်ရရှာ လေသည်။ ထိုကဲ့သို့ အပူဒဏ်ခံရသည့် ဗောဓိညောင်ပင်ကို ရေကြည် ရေအေး တိုက်ကျွေးခြင်းအားဖြင့် ဗုဒ္ဓဘာသာဝင်များသည် ကုသိုလ်ထူးကို ယုံကြည်သည်။
ဘာသာရေးပွဲတော် အမျိုးမျိုးရှိသည့်အနက် ကဆုန် ညောင်ရေသွန်းပွဲ တော်ကား ထူးခြားသောပွဲတော်တစ်ခုဖြစ်လာသည်။ ပရိဘောဂစေတီကို လည်း ပူဇော်ရ သက်တော်ထင်ရှား မြတ်စွာဘုရားကိုလည်း အမှတ်တရဖြင့် ပူဇော်သော ဗုဒ္ဓပူဇာ မင်္ဂလာကိုလည်းကောင်း၊ ဤ ဗောဓိပင်၌ မြတ်ဗုဒ္ဓရရှိခဲ့ သော မဂ်ဥာဏ် ဖိုလ်ဥာဏ်များကို အမှတ်တရ ပူဇော်ခွင့်ရသော ဓမ္မပူဇာ မင်္ဂလာကို လည်းကောင်း ဆင်နွှဲခွင့်ရရှိကြသည်။
ကဆုန်လပြည့်နေ့၌ ဗောဓိညောင်ပင်ကို ရေသွန်းခြင်းပွဲတော်ကား ဗုဒ္ဓဓမ္မ ပူဇာသဘင် ဆင်ယင်ကျင်းပရာ ပွဲတော်ဖြစ်သည့်အပြင် သာသနာစတင်ခဲ့ရာ နေရာကို အထိမ်းအမှတ်ပြုရာလည်း ရောက်ပါပေတော့သည်။

mygateway365's ,Rangonnewsdaily
RND:  :21.5.2013

0 comments:

Post a Comment